အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာထောင်ထဲရောက် မြန်မာဒုက္ခသည် ၉၉ ဦးသည် ၎င်းတို့ကို စစ်ကောင်စီလက်ထဲ မအပ်ရန် အိန္ဒိယအစိုးရကို သီတင်းနှစ်ပတ်နီးပါးကြာ ဆက်လက်ဆန္ဒပြနေကြသည်ဟု ဒုက္ခသည်အရေး အကူအညီပေးနေသူများထံမှ သိရသည်။
၎င်းတို့အများစုသည် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှ ဖြစ်ကြပြီး ၎င်းတို့သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်လာသည့် ပြည်တွင်းစစ်မီးကြောင့် အိန္ဒိယဘက်သို့ ထွက်ပြေးခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအပါအဝင် အခြားအမှုများဖြင့် ထောင်ချခံထားရခြင်းဖြစ်သည်။
ဖမ်းဆီးခံထားရသူ ၁၅၉ ဦးအနက်မှ ၇၇ ဦးကို စစ်တပ်ထံ ပြန်လည်လွှဲပြောင်းမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ထောင်တွင်းသပိတ်စတင်ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁၆ ရက်နေ့က ဒုက္ခသည် ၂၈ ဦး အစာငတ်ခံဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းတွင် ၉၉ ဦးအထိ တိုးလာကြောင်း ဒုက္ခသည်အရေး ကူညီပေးနေသည့် India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။
ဇွန် ၂၆ က စတင်ပြီး အစာငတ်ခံခြင်းကို ရပ်တန့်လိုက်သော်လည်း ထောင်ဘက်က ပေးသည့် အစားအစာများကို ငြင်းဆန်နေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။
“သူတို့ရဲ့ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ကျန်းမာရေးထိခိုက်တာကြောင့် ထောင်ဝင်းထဲက အပင်တွေစိုက်ထားတဲ့ဟာကို အဲဒီအရွက်တွေကို ခူးပြီးတော့မှ ပြုတ်စားတဲ့ဟာမျိုးနဲ့ ရုန်းကန်နေဆဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။
“ခုချိန်ထိကတော့ သူတို့ တောင်းဆိုချက်ဖြစ်တဲ့ အမြန်ဆုံးလွှတ်ပေးရေးနဲ့ လွှတ်ပေးတဲ့အခါမှာလဲ စ.က.စ လက်ထဲကို မလွှဲပေးရေးဆိုတဲ့ တောင်းဆိုချက်နှစ်ခုကိုပဲ ဆက်လက် တောင်းဆိုနေဆဲပါ”
စစ်တပ်က အာဏာသိမ်းကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ ရွာလုံးကျွတ်မီးရှို့နေမှုကြောင့် ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့မှ ထောင်နှင့်ချီသည့် ပြည်သူများ နေရပ်စွန့်ခွာပြီး အိန္ဒိယနိုင်ငံသို့ ဝင်ရောက် ခိုလှုံခဲ့ကြသည်။
၂၀၂၁ အာဏာသိမ်းမှုအပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် ၅၄,၁၀၀ ကျော်အထိ ရှိနေသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ယခုနှစ် မေလတွင် ထုတ်ပြန်ထားသည်။ မီဇိုရမ်ပြည်နယ်တွင် ၄၀,၀၀၀ ကျော်၊ မဏိပူရ်ပြည်နယ်တွင် ၈,၀၀၀ ကျော် ဖြစ်သည်။
အိန္ဒိယက ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို ခိုလှုံစရာနှင့် ထောက်ပံ့ကူညီမှုများ ပေးအပ်ထားသည်ဟု မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်အတွင်း ပြောဆိုထားသည်။
သို့သော်လည်း အခြားပြည်နယ်များတွင်မူ ခိုလှုံလာသူတို့ အဖမ်းခံနေရသည်။
အိန္ဒိယအစိုးရက ဖမ်းဆီးခံထားရသူ မြန်မာအကျဉ်းသား ၃၈ ဦးကို မေ ၂ ရက်တွင် တစ်ကြိမ်၊ နောက်ထပ် ၃၈ ဦးကို ဇွန် ၂ ရက်နေ့တွင် တစ်ကြိမ် စစ်ကိုင်းတိုင်း တမူးမြို့မှတစ်ဆင့် အာဏာသိမ်းစစ်တပ်ထံသို့ လွှဲပြောင်းပေးခဲ့သည်။
ဖမ်းဆီးခံရသူများတွင် စစ်ဘေးကြောင့် တိမ်းရှောင်လာရသူများသာမကဘဲ စစ်အာဏာမသိမ်းမီကပင် မြန်မာ-အိန္ဒိယနယ်စပ် မိုရေးနှင့် အင်ဖာ မြို့တို့တွင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိနေသည့် ရွှေ့ပြောင်းအလုပ်သမားတချို့လဲ ပါဝင်သည်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် နေထိုင်သူ ၁၄ ဦးသည် ရက်ကန်းလုပ်ငန်းလုပ်ကိုင်ရန် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ ထွက်ခွာသွားခဲ့ပြီးနောက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အထောက်အထားကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခံထားရသည်ဟု ၎င်းတို့၏ မိသားစုဝင်များထံမှ သိရသည်။
၎င်း၏ အသက် ၂၅ အရွယ် သားဖြစ်သူနှင့် အသက် ၂၃ အရွယ် ချွေးမဖြစ်သူတို့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အထောက်အထားကိုင်ဆောင်မှုတို့ဖြင့် အင်ဖာထောင်တွင် ဖမ်းဆီးခံထားရပြီး အဆက်အသွယ်မရသည်မှာ ၃ နှစ်ကြာပြီဟု ဘုတလင်မြို့နယ်တွင် နေထိုင်သူ အသက် ၄၅ အရွယ် ဦးမျိုးထွန်းက ပြောသည်။
“ကျွန်တော်တို့ သားသမီးတွေ အဆက်အသွယ်လဲ မရဘူး။ သူတို့နယ် သူတို့နိုင်ငံမှာလဲ မဟုတ်ဘူး။ အဖမ်းခံရပြီးတော့ ခုလိုအဖမ်းခံရတော့ နေ့စဉ်နဲ့အမျှတော့ မျက်ရည်နဲ့ မျက်ခွက်ပဲပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာ-အိန္ဒိယနယ်စပ်တွင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ဖူးသည့် ဒေသခံများ၏ ချိတ်ဆက်ပေးမှုဖြင့် အလုပ်ရှင်ထံသို့ အင်တာနက်မှတစ်ဆင့် ဓာတ်ပုံပေးပို့ရသည်၊ အလုပ်ရှင်ထံမှ လိုင်စင်ကတ်ပြားများ ပြန်လည်ပေးပို့ခဲ့သည်၊ သို့သော်လည်း နယ်စပ်သို့ ထွက်ခွာသွားပြီးနောက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင် အထောက်အထားကိုင်ဆောင်မှုတို့ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ခု ပြန်လွတ်လာတဲ့ သူတွေပြောတဲ့ ပြောစကားအရဆိုရင်လဲ ထောင်ထဲမှာက စားရေးသောက်ရေးကလည်း ကျပ်တည်းတဲ့အကြောင်း၊ ရေကလဲ မကောင်းတဲ့ ရေတွေ သောက်ရတဲ့အကြောင်း၊ ရေချိုးရင်လဲ ဒီရေပဲ၊ ရေသောက်ရင်လဲ ဒီရေပဲလို့ ပြောတယ်” ဟု ၎င်းက ဆက်ပြောသည်။
“ပြန်လွတ်လာတဲ့သူတွေ ပြောတာကို ကြားရင် ကျွန်တော်တို့ကတော့ ရူးမလိုတောင် ဖြစ်ရတယ်။ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်တောင် ဖြစ်ရတယ်”
စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ၃ နှစ်ကြာဖြစ်ပွားနေရာ အိန္ဒိယနိုင်ငံသို့ စစ်ဘေးဒုက္ခသည်အများအပြား ဝင်ရောက်လာခြင်း၊ စစ်ကောင်စီတပ်သားများ ထွက်ပြေးလာခြင်း၊ မူးယစ်ဆေးဝါး ဖမ်းဆီးမှု များပြားလာခြင်းတို့ကြောင့် နှစ်နိုင်ငံ လွတ်လပ်စွာ သွားလာခွင့် Free Movement Regime (FMR) ကို ဖျက်သိမ်းရန် အိန္ဒိယဗဟိုအစိုးရက ထုတ်ဖော် ပြောဆိုထားသည်။
၁၉၆၈ က စတင်ပြဋ္ဌာန်းခဲ့သည့် Free Movement Regime ဥပဒေမှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးတွင် နေထိုင်ကြသည့် ဇိုး (ချင်း) မျိုးနွယ်စုများ အပြန်အလှန်ဆက်သွယ်သွားလာနိုင်ရန် ရည်ရွယ်ပြီး ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ သွားလာခွင့် ပြုထားခြင်းဖြစ်သည်။
إرسال تعليق