တစ်တော့ခ် ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ


အပြောင်းအလဲတစ်ခုကို ကြုံလာရချိန်တိုင်းမှာ လိုက်လျောညီထွေတုန့်ပြန်နိုင်စွမ်းက အရေးပါလှသလို စူးစမ်းလေ့လာအားကလည်း ထိုနည်းလည်းကောင်းပဲ။ ဒီနှစ်ခုကို ဉာဏ်ရှိသလို ယှဉ်တွဲအသုံးမချနိုင်ရင် အကူးအပြောင်းကာလတွေမှာ အတော်လေး ကသီလင်တနိုင်လှတယ်။ ခုလည်း အဲဒီလို အနေအထားမျိုးတွေ ခပ်စိတ်စိတ်လေး မြင်လာရတော့ ကိုယ်တောက်တိတောက်တဲ့ ရှာဖွေမှတ်ဖူးသိထားဖူးတဲ့ အကြောင်းအရာလေးတစ်ချို့ မျှဝေချင်လာတာနဲ့ ဒီစာကိုရေးဖြစ်ပါတယ်။ အပြောင်းအလဲက ရုတ်ချည်းဖြစ်လာတော့ ကိုယ်စွမ်းကိုယ်စရှိသမျှ Adaptability Skill တွေကို အားကုန်ထုတ်သုံးပြီး ဉာဏ်မှီသလောက် ခေတ်နောက်ပြေးလိုက်ရတာပါပဲ။ အားလုံးက တစ်တော့ခ်မှ တစ်တော့ခ်ဆိုတော့ ကိုယ်လည်း တစ်တော့ခ် ပဲပေါ့။

ဆိုတော့ ခေါင်းစဉ်ပါ ပေးထားချက်နဲ့ပဲ စကြပါစို့။ “တစ်တော့ခ်ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ” ဆိုတာပဲပေါ့။

ဖေ့စ်ဘုတ်မှာ ခေတ်မကောင်းချိန်မှာ လူအများစု ရွှေ့ပြောင်းအခြေချကုန်ကြတာက တစ်တော့ခ်ဆိုတာ မြေကြီးလက်ခတ်မလွဲလှဘူး။ တစ်သက်လုံး ဆိုရှယ်မီဒီယာမှာ ဟိုဖတ်ဒီကြည့်နဲ့ Follower ပဲလုပ်လာတဲ့သူတွေအတွက် သိပ်ပြဿနာမရှိလှပေမယ့် ဆယ်စုနှစ်တစ်ခုစာလောက် ဖေ့စ်ဘုတ်မှာ စာတွေအရှည်ကြီးတွေရေးပြီး ဆရာလုပ်လာတဲ့လူတွေ၊ Short-form Video Trend တွေအပေါ် ယုံကြည်မှု စိတ်အခံအားနည်းခဲ့သူတွေကတော့ ဒီအချိန်မှာ ကသောင်းကနင်းစဖြစ်တော့တာပဲ။

ဆိုတော့ “ငါ့က ဗီဒီယိုတော့ဖြင့် မရိုက်တတ်ဘူး။ အရင်တုန်းက ဆရာကြီးဆိုတော့ ခုလည်း ဆရာကြီးပဲ ထပ်လုပ်ချင်သေးတယ်” ဆိုရင်ဖြင့်။ လုပ်စရာတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ကိုယ်ရွေးချယ်မယ့် ဆိုရှယ်မီဒီယာရဲ့ Algorithm ဘယ်လိုအလုပ်လုပ်သလဲ သိအောင်လုပ်တာပါပဲ။

ဘာလို့ ဒီလိုပြောရလဲဆိုရင် လက်ရှိ မြန်မာပြည်မှာ ဖေ့စ်ဘုတ်ကလွဲပြီး ကျန်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအတွက် လူတိုင်းလက်လှမ်းမီတဲ့ Media Buying နည်းလမ်းတွေ များများစားစားမရှိသေးတာကြောင့်ပါ။ ဒီတော့ ကိုယ်က တစ်တော့ခ်သွားမယ်ဆိုရင် သူ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ သိအောင်လုပ်တဲ့နည်းက အကောင်းဆုံးနည်းလမ်းပါပဲ။

တစ်တော့ခ် ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ

ဆိုတော့ တစ်တော့ခ်ရဲ့ Algorithm အကြောင်းကို နက်နက်နဲနဲလေး လေ့လာကြည့်ရအောင် …

ခင်ဗျား တစ်တော့ခ်ကို ဝင်ကြည့်ဖူးလား။ App ထဲရောက်သွားပြီးရင် ဗီဒီယို ဘယ်နှစ်ခုလောက်ကို ကြည့်ပြီးမှ ပြန်ထွက်လာသလဲ။ ဘာကြောင့် ခင်ဗျားက အဲ့ဒီ Scroll ကို ဆက်ပြီး ပွတ်ဆွဲနေမိတာလဲ တွေးမိဖူးလား။

ငါကတော့ တစ်တော့ခ်ကို စိတ်မဝင်စားပါဘူးကွာ၊ ကလေးကလားနဲ့လို့ ပြောနေရင်းနဲ့ကိုမှ App ထဲ ဝင်ကြည့်ရင်း အချိန်တွေ ကုန်သွားတာမျိုး ဖြစ်ဖူးတဲ့သူတွေ ဖြစ်ဖူးကြပါလိမ့်မယ်။ ကိုယ်လည်း ကိုယ်တွေ့ပါပဲ။ ဘာလို့လဲ။ ဘာကြောင့် ကျွန်တော်တို့ ဒီလိုလုပ်မိသွားတတ်ကြတာလဲ။ ဒါက တစ်တော့ခ်ရဲ့ Algorithm ရဲ့ နောက်ကွယ်က အလုပ်လုပ်ပုံကြောင့်ပါ။ ဒီအချက်ကို ခင်ဗျား ဖမ်းဆုပ်နိုင်ရင် ခင်ဗျားလည်း တစ်တော့ခ်မှာ တစ်ထောင့်တစ်နေရာစာတော့ ဆရာကြီးလုပ်ခွင့်ရလာမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကို နောက်ပိုင်းမှာ တွေ့ရပါလိမ့်မယ်။

တစ်တော့ခ်မှာ ခုလိုတွေ Scroll ဆွဲမိရင်း အချိန်ကုန်တာတွေ များလာတော့ တစ်တော့ခ်က စွဲလမ်းစေတာလားလို့ ထင်တဲ့သူတွေက ထင်လာကြတယ်၊ တစ်ချို့ကျတော့လည်း တစ်တော့ခ်ရဲ့ Coding မှာ Magic Code တွေ ပါနေလိမ့်မယ်လို့ တွေးတဲ့သူက တွေးကြပြန်တယ်။ တကယ်တမ်းတော့ တစ်ခုမှ မဟုတ်ပါဘူး။ တစ်တော့ခ်က ရိုးရိုးရှင်းရှင်းပဲ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီးတော့ Human Behavior ကို အမိအရ ဖမ်းဆုပ်ထားနိုင်ရုံ သက်သက်ပဲဖြစ်ပါတယ်။

တစ်တော့ခ် ဘယ်လို အလုပ်လုပ်သလဲ?

တစ်တော့ခ်ရဲ့ Algorithm က အသုံးပြုသူတစ်ယောက်ချင်းစီရဲ့ ကွန်းတန့်တစ်ခုချင်းစီအပေါ်မှာ ပြုမူတဲ့ အပြုအမူနဲ့ အလေ့အထတွေကို ထောင်နဲ့ချီတဲ့ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုတွေ အမြဲပြုလုပ်နေပါတယ်။ Likes လုပ်တာတွေ၊ Comments ပေးတာတွေ၊ Follows လုပ်တာတွေအပြင် ဗီဒီယိုတစ်ခုကို ဘယ်နှစ်ကြိမ်ပြန်ကြည့်သလဲ၊ ချက်ခြင်းပြန်ကြည့်တာလား၊ အကြာကြီးကြည့်နေတာလား၊ ဗီဒီယိုတစ်ခုကို အချိန်ဘယ်လောက်ကြာကြာကြည့်နေသလဲ၊ ဘယ်လိုဗီဒီယိုတွေကို မကြည့်ပဲ ကျော်သွားသလဲ စတာတွေကို မပြတ် အကဲခတ်ပြီး ခွဲခြမ်းစိတ်ဖြာတာပါ။ ပြီးရင် ခင်ဗျားရဲ့  ‘For You’ page မှာ ခင်ဗျား ပြုမူခဲ့တဲ့ အပြုအမူတွေနဲ့ ကိုက်ညီတဲ့ ဗီဒီယိုတွေကို ပြပေးမှာဖြစ်ပါတယ်။

ဒီအချက်က ယူကျူ့ဘ်နဲ့ အင်စတာဂရမ်တို့ရဲ့ Algorithm တွေနဲ့ အတန်ငယ်ကွာဟတယ်လို့ ဆိုရှယ်မီဒီယာ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားတာမျိုးရှိတယ်။ ခုနောက်ပိုင်းမှာတော့ တစ်တော့ခ်ရဲ့ For You page စနစ်မျိုးကို တခြားပလက်ဖောင်းတွေလည်း ကိုးကားပြီး မှီငြမ်းတုပလာတာမျိုးတွေ ရှိလာပါပြီ။

တကယ်လို့များ ခင်ဗျားက အသုံးပြုသူ အသစ်တစ်ယောက်ဖြစ်မယ်ဆိုရင် တစ်တော့ခ်က ခုလိုမျိုး စီစဉ်ပေးပါလိမ့်မယ်။

တစ်တော့ခ်အကောင့်ဖွင့်ပြီး စဝင်လိုက်တာနဲ့ ခင်ဗျားထည့်ထားခဲ့တဲ့ Personal Information တွေနဲ့ ကိုက်ညီနိုင်တဲ့ ဗီဒီယိုတွေနဲ့ Trend ဖြစ်နေတဲ့ ဗီဒီယိုတွေကို စပြပေးမှာပါ။

အဲဒီကနေမှတဆင့် အသုံးပြုသူက Scroll ဆွဲရင်း သူပြုမူသွားခဲ့တဲ့ အပြုအမူတွေကို ချိန်ဆကာ နောက်ပိုင်းမှာ တစ်ဦးချင်းစီအလိုက် ကိုက်ညီမှုရှိမယ်လို့ ယူဆရတဲ့ ဗီဒီယိုတွေကို ချပြလာမှာဖြစ်ပါတယ်။ အချိန်ကြာလာလေလေ ပိုတိကျလာလေလေပါပဲ။

တစ်တော့ခ် ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ

တစ်တော့ခ် ရဲ့ Key Elements များ

တကယ်လို့ ခင်ဗျားက တစ်တော့ခ်မှာ တောင်ကြည့်မြောက်ကြည့်လောက်ပဲ လုပ်ချင်တာမဟုတ်ဘူး။ ဗီဒီယိုလေးတွေလည်း တင်မယ်၊ လူလည်း သိချင်တယ်။ ပြောရရင် ပေါက်တဲ့ တစ်တော့ခ်အကောင့်တစ်ခု ဖန်တီးချင်လာတယ်ဆိုပါစို့။ အဖြေကတော့ တစ်တော့ခ်မှာ ဗီဒီယိုတစ်ပုဒ်ပေါက်ဖို့ မခက်ပါဘူး၊ ဒါပေမယ့် အောင်မြင်ဖို့ လွယ်လည်း မလွယ်ဘူးဆိုတာပါပဲ။

ဒီတော့ တစ်တော့ခ်မှာ ဆရာကြီးဖြစ်ဖို့အတွက် လမ်းညွှန်ပေးရမယ်ဆိုရင် တစ်တော့ခ်ရဲ့ Algorithm အပေါ်သက်ရောက်မှုရှိနေတဲ့ Key Elements တွေကို သိထားမှဖို့ လိုတယ်ဆိုတာပါပဲ။ ဘာတွေလဲဆိုရင်

Engagement

Likes, shares, saves, comments စတာတွေက Engagement တွေပါပဲ။ ဒါပေမယ့် အရေးအပါဆုံးက ဗီဒီယိုတစ်ပုဒ်ကို ဘယ်လောက်အချိန်ကြာကြာ ကြည့်သလဲဆိုတာပဲ။ ဒီလို Engagement တွေဟာ တစ်တော့ခ် Algorithm ရဲ့ တွက်ချက်မှုတွေမှာ အများကြီး သက်ရောက်မှုရှိနေတယ်။ ပြောရရင် Engagement များများရလေလေ FYP မှာ ပေါ်နိုင်ခြေ များလေလေ၊ FYP မှာ များများပေါ်လေလေ Engagement လည်း ပိုတက်လာလေလေပဲပေါ။ ဒါကြောင့် ပြောပါတယ်။ တစ်တော့ခ်မှာ ဗီဒီယိုတစ်ပုဒ် အောင်မြင်ဖို့ မခက်ခဲပါဘူးလို့။

User interactions

တစ်တော့ခ်မှာ ကိုယ်ဘာတွေမြင်ရမလဲဆိုတာက ကိုယ်ဘယ်လို အကောင့်တွေကို Follow ထားပြီး ဘယ်လို Engagement တွေကို React လုပ်ထားလဲဆိုတဲ့ အချက်ပေါ် တိုက်ရိုက်မူတည်နေပါတယ်။ (ကျွန်တော့်အတွေ့အကြုံအရပြောရရင် ဒီအချက်မှာတော့ X က တစ်တော့ခ်ထက်တောင် ပိုကြမ်းပါတယ်၊ အတိကျလွန်နေတဲ့ လယ်ဗယ်မျိုးပါ)

Video information

တစ်တော့ခ်မှာ နောက်ထပ်အရေးပါတာက ဗီဒီယိုကို ဘယ်လိုဖန်တီးထားတယ်ဆိုတဲ့ အချက်ပါ။ တစ်တော့ခ်ဟာ Creative ဖြစ်မှုကို အပြည့်အဝ အားပေးပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ဗီဒီယိုတစ်ပုဒ်က ဘယ်လောက် Authentic ဖြစ်တယ်ဆိုတာက ကိုယ့်ဗီဒီယိုပေါက်နိုင်ခြေအပေါ်မှာ အများကြီး မူတည်နေပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ တစ်တော့ခ် အသုံးပြုသူ အတော်များများ အမှတ်မှားနေတဲ့အချက်တစ်ချက်ပါ။ တစ်တော့ခ်က ဖုန်းနဲ့ရိုက်ထားတဲ့ ဗီဒီယိုတွေကို အားပေးပေမယ့် အရည်အသွေးနိမ့် ဗီဒီယိုတွေကို သဘောမကျပါဘူး။ ဖုန်းနဲ့ရိုက်ထားတိုင်း တစ်တော့ခ်အတွက် အဆင်ပြေတယ်လို့ မထင်စေချင်ပါဘူး။ ဘာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုမျိုးဖြစ်နေပါစေ ကွန်းတန့် အရည်အသွေးရော၊ ဗီဒီယိုအရည်အသွေးပါ အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။

Device & account settings

တစ်တော့ခ်ရဲ့ Algorithm အပေါ် (Minor role အနေနဲ့) သက်ရောက်မှုရှိနေတဲ့ နောက်ထပ်အချက်တွေက အသုံးပြုရာနေရာ၊ ဘာသာစကားနဲ့ အသုံးပြုတဲ့ ဖုန်း/ကွန်ပျူတာ စတဲ့ စက်ပစ္စည်းအမျိုးအစားတွေပါ။

အပေါ်မှာ ပြောခဲ့တဲ့ Elements တွေအားလုံးရဲ့ လားရာက တစ်ခုတည်းဖြစ်ပါတယ်။ အဲဒါကတော့ အသုံးပြုသူနဲ့ ကိုက်ညီမှုရှိတဲ့ ဗီဒီယို ကွန်းတန့်ကို တိတိကျကျ ပြပေးနိုင်ဖို့ဆိုတဲ့အချက်ပါပဲ။ ဆိုတော့ ဒီ Elements တွေကို ပံ့ပိုးပေးနိုင်ဖို့အတွက်ဆိုရင် Tools တွေကို ကောင်းကောင်း အသုံးချနိင်ဖို့ လိုပါလိမ့်မယ်။

Tools တွေက ဘာတွလဲဆိုရင်

  • Relevant hashtags
  • Keywords
  • Common search phrases

ဒီ ၃ မျိုးပါ။ နောက်ပြီး သတိထားသင့်တဲ့ အချက်လေးတွေလည်း ရှိပါသေးတယ်။ တစ်တော့ခ်ရဲ့ Algorithm က မဖော်ပြပေးချင်တဲ့ အရာတွေပေါ့။

  • Graphic ဖန်တီးချက်တွေ အရမ်းများလွန်းတဲ့ ဗီဒီယိုတွေ
  • အသုံးပြုသူတွေ စိတ်အနှောင့်အယှက်ဖြစ်နိုင်လောက်တဲ့ ဗီဒီယိုတွေ
  • အသုံးပြုသူ တစ်ကြိမ် ကြည့်ပြီးသား ဗီဒီယိုတွေ။

ဒါတွေက FYP မှာ ပေါ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ်ကြည့်ချင်ရင်တော့ ရှာကြည့်ဆိုတဲ့ သဘောပေါ့။

နောက်ပြီး တစ်တော့ခ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တစ်ခုရှိပါသေးတယ်။ အတော်လေး အရေးပါတဲ့အချက်ပေါ့။ ခင်ဗျားရဲ့ ဘယ်ဗီဒီယိုမဆို အကြောင်းသင့်ရင် ပေါက်သွားနိုင်ပါတယ်။ ခင်ဗျားမှာ Follower အများကြီးရှိမနေရင်တောင်မှပေါ့။ ဒါကြောင့်မို့လိုလည်း TikTok is an equal playing field for creators. လို့ ဆိုကြတာပါ။

တစ်တော့ခ် ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ

ဟုတ်ပြီ ဒါဆိုရင် အပေါ်မှာပြောခဲ့တဲ့ အကြောင်းသင့်ဖို့က လုပ်ယူလို့ရနိုင်သလားလို့ မေးစရာရှိလာပါပြီ။ ရပါတယ်။ တစ်တော့ခ်မှာ Reach တွေ Engagement တွေ ကောင်းလာအောင် ကိုယ်တိုင် လုပ်ဆောင်လို့ရပါတယ်။ ဒီအတွက် လမ်းညွှန်ချက်တစ်ချို့လည်း မျှဝေပေးချင်ပါတယ်။

၁။ SEO ကောင်းအောင် အားထုတ်ပါ

SEO ဆိုတာ Website တွေမှာပဲရတယ်ထင်နေတဲ့သူတွေရယ်၊ SEO ဆိုတာ ဘာမှန်းမသိတဲ့ Digital Marketing သမားတွေရယ်အတွက်တော့ စိတ်မကောင်းပါဘူး။ ခင်ဗျားတို့ တစ်တော့ခ်ကို ရွှေ့မယ်ဆိုရင် SEO အကြောင်း ကောင်းကောင်းနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်တော့ခ်က short-form video တွေမို့လို့ဆိုပြီး အထင်မသေးပါနဲ့။ တစ်တော့ခ်ဟာ စနစ်ကျတဲ့ SEO (Search Engine Optimization) စနစ်တွေရှိပါတယ်။ ပြောရရင် တစ်တော့ခ်အတွက် ဆိုရှယ်မီဒီယာ Marketing Plan တွေဆွဲတဲ့အချိန်မှာကတည်းက SEO အတွက် Keywords တွေ ကြိုပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါ။

  • တစ်တော့ခ်မှာ SEO ကောင်းဖို့ဆိုရင် လူတွေ ဘာတွေကို များများရှာကြသလဲ၊ ဘယ်လိုအကြောင်းအရာတွေကို များများကြည့်ကြသလဲ သိအောင် လေ့လာဖို့လိုပါတယ်။ ဒါမှ Keywords ကောင်းတွေအပြင် ကွန်းတန့် အိုင်ဒီယာကောင်းတွေပါ ရနိုင်မှာပါ။
  • ဗီဒီယိုတိုင်းမှာ သင့်လျော်မှုရှိတဲ့ Keywords တွေ ထည့်သုံးဖို့ လိုအပ်ပါတယ်။ လူသုံးများတဲ့ ၊ လူတွေ အရှာများတဲ့ Keywords တွေကို ၂ ခု ၃ ခုလောက် ကြိုတင်ပြင်ဆင်ပြီး ထည့်သုံးပေးဖို့ လိုပါတယ်။
  • ဗီဒီယိုထဲမှာလည်း Keywords ထည့်ပါ။ Keywords ဆိုလို့ Caption တစ်ခုတည်းမှာပဲ ထည့်ရမယ် မထင်ပါနဲ့။ Post Caption၊ ဗီဒီယို Caption ၊ Title နဲ့ ဗီဒီယိုထဲမှာ စာတန်းထိုးမယ့် Text တွေမှာပါ Keywords ကိုက်ညီအောင်ထည့်ဖို့ လိုပါတယ်။ Result က ဘာလဲသိချင်ရင် တစ်တော့ခ် SEO ကို စမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။
၂။ တစ်တော့ခ်က ပေးထားသမျှ နည်းလမ်းတွေ အကုန်သုံးပါ

တစ်တော့ခ်မှာ rules of reach ဆိုတာရှိပါတယ်။ ခင်ဗျားတို့ရဲ့ ကွန်းတန့်တွေ အမြဲ အသက်ဝင်နေစေဖို့အတွက် နည်းလမ်းကောင်းပေါ့။ ဘယ်လိုလဲဆိုရင် သူတို့ကိုယ်တိုင် ဖန်တီးပေးထားတဲ့ Feature တွေ၊ အကြံပြုထားတဲ့ နည်းလမ်းတွေကို စုံလင်အောင် အသုံးပြုပြီး ဗီဒီယိုတွေကို ဖန်တီးတာမျိုးပေါ့။

  • သင့်လျော်တဲ့ ဒါမှမဟုတ် Trending ဖြစ်နေတဲ့ Hashtags ၃-၄ ခုကို သုံးပေးတာမျိုး (ဒီလိုလုပ်ဖို့အတွက် Sympohy Assistance ဆိုတဲ့ AI ကို တစ်တော့ခ်ရဲ့ Creator Center မှာ ထားရှိပေးထားပါတယ်။ အတော်လေး အသုံးဝင်လှသလို ကျွန်တော် အတော်လေး သဘောကျနေတဲ့ AI Feature ပါ)
  • တစ်တော့ခ်ရဲ့ Audio library ထဲက သီချင်းတွေကို တတ်နိုင်သမျှ အသုံးပြုပါ၊ ဖြစ်နိုင်ရင် အဲ့ဒီထဲက Trend ဖြစ်နေတာတွေကို ပိုရွေးချယ်သုံးပါ။
  • Caption တွေကို Catchy ဖြစ်အောင် ရေးပါ၊ သူတို့ အပြောတော့ Conversation-starting captions မျိုးပေါ့။ Keywords လည်း ပါပါစေ။
  • တစ်တော့ခ်ရဲ့ Carousels ကို အသုံးပြုပြီး Infographic လိုမျိုး ဓာတ်ပုံတွေ စမ်းတင်ကြည့်ပါ။ အတော်လေး အလုပ်ဖြစ်ပါတယ်။
  • တစ်တော့ခ်က ပေးထားတဲ့ native features တွေကို များများသုံးပေးပါ။ ဥပမာ တစ်တော့ခ် App နဲ့ပဲ ဗီဒီယိုရိုက်လိုက်တာမျိုး၊ Stitches တို့ Duets တို့လို Feature တွေကို On ထားတာမျိုး ဒါမှမဟုတ်လည်း ဗီဒီယိုတွေကို ကုမ္ပဏီတူ App ဖြစ်တဲ့ CapCut နဲ့ Edit လုပ်တာမျိုးတွေပေါ့။
၃။ ကွန်းတန့်တွေကို ပုံမှန်တင်ပါ

ဒီအချက်ကတော့ တစ်တော့ခ်သုံးနေကျသူ အတော်များများသိထားပြီးသားဖြစ်မယ်ထင်ပါတယ်။ တစ်တော့ခ်ရဲ့ Algorithm က consistent ဖြစ်မှုကို အတော်လေး အလေးထားပါတယ်။ တစ်တော့ခ်ရဲ့ ecosystem ကိုက content consumption rate အရမ်းမြင့်တာကြောင့်ပါ။ တစ်ကယ်လို့ တစ်ရက်တစ်လေ မတင်ဖြစ်တော့ရင်တောင်မှ Trend တွေထဲကနေ လွတ်သွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင် နေ့တိုင်း အချိန်တိတိကျကျ တင်တာမျိုးကို တစ်တော့ခ်က ပိုလိုလားပါတယ်။

တစ်တော့ခ် ရဲ့ Algorithm ဘယ်လို အလုပ်လုပ်သလဲ၊ တစ်တော့ခ်မှာ ဘယ်လို နေရာယူကြမလဲ

၄။ ကိုယ့် Audience ကို ကိုယ်သိအောင်လုပ်ပါ

တစ်တော့ခ်က Equal Playground ဆိုတာမှန်ပေမယ့် ကိုယ့်မှာ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်နဲ့ ကိုယ်ရည်ရွယ်ထားတဲ့ Target Audience တော့ ရှိထားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေက Keywords ရှာဖွေမှုတွေ၊ ကွန်းတန့်ဖန်တီးမှုတွေနဲ့ ချိတ်ဆက်နေမှာမို့လို့ပါ။ ပေးချင်တဲ့ မက်ဆေ့ချ်နဲ့ သွားချင်တဲ့ ပရိတ်သတ်ကို သတ်မှတ်ထားမှ ပျင်းစရာကောင်းတဲ့ ဗီဒီယိုကြီးတွေ မဖြစ်လာတော့မှာပါ။

၅။ ဖန်တီးမှုနဲ့ လိုက်လျောညီထွေရှိမှုကို ဟန်ချက်ညှိပါ

တစ်တော့ခ်သာ အကြွေစေ့တစ်ခုဆိုရင် တွေးဆဖန်တီးနိုင်စွမ်းနဲ့ လိုက်လျောညီထွေရှိမှုတွေက ခေါင်းနဲ့ ပန်းဖြစ်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်တော့ခ်မှာက ကိုယ်ပိုင်အိုင်ဒီယာနဲ့ ဖန်တီးမှုတွေကို အင်တိုက်အားတိုက်ချပြနေရသလို Trends တွေကိုလည်း မဖြစ်မနေလိုက်ပါနိုင်မှ Engagement ကောင်းမှာပါ။ ဒီနှစ်ခုအကြားမှာ ဟန်ချက်တစ်ခုထားရှိပြီး လူစိတ်ဝင်စားတဲ့ ကွန်းတန့်တွေ ဖန်တီးရတာမို့ လွယ်တော့ မလွယ်ကူလှပါဘူး။

ကဲ ဘယ်လိုလဲ ဒီလောက်ဆိုရင် တစ်တော့ခ်မှာ ခင်ဗျား တစ်ထောင့်တစ်နေရာ အပိုင်ရယူနိုင်ဖို့ အတော်လေး နီးစပ်သွားပြီလား၊ ဒါမှမဟုတ် ပိုဝေးသွားတာလား။ အပေါ်မှာ ပြောခဲ့သလိုပဲ တစ်တော့ခ်မှာ ပေါက်တဲ့ ဗီဒီယိုတစ်ခု ဖန်တီးနိုင်ဖို့ လွယ်ပါတယ်။ ဒါပေမယ့် Consistent ရှိရှိ ပေါက်ဖို့ဆိုရင်တော့ Creativity နဲ့ conformity ကို ဟန်ချက်ညီအောင် ထိန်းညှိနိုင်မှ ဖြစ်ပါလိမ့်မယ်။

ကဲ ဒီလောက်ဆိုရင် တစ်တော့ခ်က ဘယ်လိုအလုပ်လုပ်သလဲ၊ သူ့ Algorithm ရဲ့ အထာက ဘယ်လိုမျိုးလဲ၊ ဘယ်လို Engagement ကောင်းအောင် လုပ်လို့ရနိုင်သလဲဆိုတာတွေကို ခင်ဗျားလည်း ရိပ်ဖမ်းသံဖမ်းလောက်တော့ နားလည်သွားလိမ့်မယ်လို့ ထင်ပါတယ်။

တစ်ခုတော့ရှိတယ်ဗျ။ ဒါတွေ အတိအကျလိုက်လုပ်နေဦးတော့ ခင်ဗျားက အောင်မြင်တဲ့ တစ်တော့ခ်အကောင့်ပိုင်ရှင်ကြီး ဖြစ်မယ်လို့ ကံသေကံမပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ စိတ်ဝင်စားမှုနဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး တုန့်ပြန်မှု အလေ့အထတွေက အတိအကျတော့ဖြင့် တွက်ချက်ယူလို့ မရနိုင်တာကြောင့်ပါ။

ဒါကြောင့် အထက်မှာပြောခဲ့တာပါ၊ တစ်တော့ခ်မှာ ပေါက်တဲ့ ဗီဒီယိုဖြစ်ဖို့လွယ်တယ်၊ ဒါပေမယ့် အောင်မြင်ဖို့တော့ ခက်လိမ့်မယ်လို့။ ဒါပေမယ့် ဘာမှမသိထားတာထက်စာရင် အခြေခံစည်းမျဉ်းတွေကို သိနားလည်ထားရင်တော့ လုပ်ရကိုင်ရတာ ပိုအဆင်ပြေမယ်မဟုတ်လား။ ဒါကြောင့် ဒီစာစုလေးကို မျှဝေဖြစ်ပါတယ်။ အဆင်ပြေကြပါစေ။

ကိုးကား – Buffer, TikTok Creator Center

မိုးဇွန်

နေ့စဉ်ဘဝမှာ အသုံးတည့်စေမယ့် အစာအာဟာရ၊ ကျန်းမာရေး၊ နည်းပညာ နဲ့ လူနေမှုဘဝဆိုင်ရာ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုရင် လိုတိုရှင်း မီဒီယာရဲ့  TikTok Channel မှာလည်း ဗီဒီယိုတွေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။



Source link

Post a Comment

أحدث أقدم