(မိုးမခ) ဇူလိုင် ၁၊ ၂၀၂၄
ရှမ်းမြောက်က စစ်ဘေးရှောင်တွေရဲ့ အကျပ်အတည်း
သီပေါနဲ့ ကျောက်မဲ အကြားက ဖောက်ခွဲချိုးဖျက်ခံထားရတဲ့ တံတားတစင်း ရဲ့ စောက်မတ်တဲ့ ဆင်ခြေလျောမှာ လူတွေဆင်းတက်နိုင်ဖို့ ကြိုးတချောင်းကို ချည်နှောင်ထားပြီး ကြိုးကို တွယ်ဆင်းနေတဲ့ သီလရှင်ငယ် ၁၀ ပါးခန့်ရဲ့ ပုံကို ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံက လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့လာပါတယ်။ နောက်ဓါတ်ပုံတပုံကတော့ လမ်းမလျှောက်နိုင်တဲ့ ကျန်းမာရေးမကောင်းသူကလည်း အဆိုပါ တံတားမှာ ကြိုးနဲ့ နောက်ပြန်လျောဆင်းတာကို လူ ၃/၄ ဦးက ဝိုင်းကူညီဖေးမနေကြတဲ့ ဓါတ်ပုံဖြစ်ပါတယ်။
ဒီဓာတ်ပုံတွေကို မြင်ရတဲ့အခါ သီပေါ၊ ကျောက်မဲ အစရှိတဲ့ ရှမ်းမြောက်ဒေသက ဘုန်းကြီးကျောင်း သီလရှင်ကျောင်းတွေက ဘုန်းတော်ကြီးနဲ့ သီလရှင်တွေလည်း စစ်ဘေးတိမ်းရှောင်ရတဲ့ အထဲ ပါဝင်နေတယ်ဆိုတာကို ပေါ်လွင်စေတာ ဖြစ်ပါတယ်။ သာမန်လူထုတွေတင်မက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေပါ တိမ်းရှောင်ကြရတဲ့ အနေအထား စစ်ပွဲလှိုင်းက အားလုံး သိမ်းကျုံး တိုက်စားသွားမယ့် အနေအထားမျိုးဆိုတာကို သတိပြုမိသလို သီလရှင်ငယ်တွေရဲ့ ရုပ်ပုံမြင်ရတဲ့ အခါ ဒီသီလရှင်ငယ်တွေဟာ ဘာသာရေး အကြောင်းသက်သက်ကြောင့်မဟုတ်ပဲ၊ ပြည်တွင်းစစ်ကြောင့် သီလရှင်အဖြစ်ကို ရောက်လာရတဲ့ သူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း မတွေးမိပဲ မနေနိုင်ပါဘူး။
ဆယ်စုနှစ် တခုမက ကြာရှည်လာနေတဲ့ ပြည်တွင်းစစ်ကာလတွေ အတွင်း ကျေးရွာတွေမှာ လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေက လူသစ်စုဆောင်းတဲ့အခါ အမျိုးသားပါမက အမျိုးသမီးပါစုဆောင်းတာတွေ ရှိခဲ့တာကြောင့် မိဘတွေ အနေနဲ့ မိမိတို့သားသမီး အရွယ်မရောက်ခင်ကတည်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း သို့မဟုတ် သီလရှင်ကျောင်းတွေမှာ သာသနာ့ဝန်ထမ်းအဖြစ် ထည့်သွင်းပြီး ပညာဆက်လက် သင်ယူခွင့်ရအောင် စီမံလေ့ရှိကြပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားက ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ ကိုရင်၊ ရဟန်းနဲ့ သီလရှင်တွေ အရေအတွက် ကြာလေများလာလေ ဖြစ်နေခြင်းဟာ တိုင်းရင်းသားဒေသတွေမှာ စစ်မက်ဖြစ်ပွားနေတယ်ဆိုတဲ့ အချက်ကို ထင်ဟပ်စေတာလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း၊ မန္တလေး၊ ပခုက္ကူ တို့က စပြီး မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်တွေ အထိ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေမှာ တိုင်းရင်းသားဒေသက ကိုရင်/ သီလရှင်ဝတ်လာသူ အများအပြား ရှိတယ်ဆိုတာ အများသိရှိပြီးသား ကိစ္စတခုလိုဆိုနိုင်ပါတယ်။
ယခင် ဆယ်စုနှစ်တွေအတွင်း ရှမ်းမြောက်မှာ ဖြစ်ပွားတဲ့ စစ်ပွဲတွေကြားမှာ ဘုန်းတော်ကြီးတွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ၂ ဖက်စလုံးက တိုက်ခိုက်ခြင်း မရှိကြပဲ၊ ကျေးရွာတွေက နေထိုင်သူတွေအားလုံး စစ်ဘေးတိမ်းရှောင်ကြရသည့်တိုင် ရွာရဲ့ ဘုန်းတော်ကြီးကျောင်းက ဘုန်းတော်ကြီးတွေက တိမ်းရှောင်ခြင်း ပြုစရာမလိုပဲ ကျန်နေခဲ့ကြတာ မျိုးဖြစ်ပါတယ်။ အဲဒီကာလတွေက နှစ်ဘက် လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ရန်ရှာခြင်း မပြုပဲ၊ တခါတရံ ရွာမှာကျန်ခဲ့တဲ့ ဦးဇင်း သို့မဟုတ် ဆရာတော်တွေရဲ့ ဆွမ်းကွမ်း ကိစ္စတွေကိုပင်လျှင် လက်နက်ကိုင် အဖွဲ့တွေက လှူဒါန်းတာမျိုးတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
ယခင်အတိတ်ကာလတုန်းက ရှမ်းမြောက်ဒေသရဲ့ မိုင်းငေါ့မြို့အနီးက ကျေးရွာတချို့နဲ့ ကျောက်မဲမြို့နယ်ထဲက အချို့ကျေးရွာတွေမှာ ရှမ်းလက်နက်ကိုင်တပ်၊ တအန်းလက်နက်ကိုင် တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာတွေ ရှိခဲ့ပါတယ်။ အဒီကာလတွေတုန်းက ကျေးရွာတွေမှာ အခုလို တရွာလုံး မီးရှို့ခံရတဲ့အဖြစ်မျိုး၊ အရပ်သားတွေ သာသနာ့ဝန်ထမ်း မရွေး တိုက်ခိုက်သတ်ဖြတ်တာတွေ အလွန်နည်းပါးခဲ့တာ တွေ့ရပြီး ဘုန်းတော်ကြီးတွေ အနေနဲ့ စစ်ဘေးရှောင်ရသူတွေ အစုထဲ မပါဝင်ခဲ့ပါဘူး။
အခုတကြိမ်ဖြစ်ပွားတဲ့ ပြည်တွင်းစစ်မီးက အဲဒီကာလတွေ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့တဲ့ ခေတ်ကာလတွေထက် အဆများစွာ ဆိုးရွားပြီး ပျက်စီးမှုအနေနဲ့လည်း မနှိုင်းယှဥ်နိုင်လောက်အောင် များပြားသလို၊ အရပ်သား အသက်ဆုံးရှုံးမှု လည်းအများဆုံး ကာလတခုလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
ရခိုင်မှာ ကရင်နီဒေသမှာ၊ မွန်၊ ကရင် စစ်ကိုင်းနဲ့ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့လို ဒေသတွေမှာလည်း စစ်ဘေးရှောင်တိမ်းကြရတာ ရှိသလို ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတာ ဖြစ်ပြီး အမှန်တော့ မြန်မာနိုင်ငံ ဘယ်ဒေသမှာမဆို စစ်ဘေးရှောင်ရတဲ့ အဖြစ်က သာမန်အဖြစ်အပျက် တရပ်သဖွယ် ယူဆလာကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ဇွန်လ နှောင်းပိုင်းမှာ စတင်လိုက်တဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ကတော့ တရားဝင် ထုတ်ပြန်ထားတာ မတွေ့ရသေးသော်လည်း သတင်းမီဒီယာတွေ နဲ့အချို့သော လေ့လာစောင့်ကြည့်သူတွေက ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက် ဒုတိယလှိုင်းလို့ အမည်ပေးထားကြတဲ့ ရှမ်းမြောက်ဒေသရဲ့ ဒုတိယအကျော့ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲတွေ စတင်ပြီး ရက်အနည်းငယ်အတွင်း မြို့တွေပေါ်ကို လက်နက်ကြီးကျည်ကျရောက်လာသလို၊ လေကြောင်းတိုက်ခိုက်မှုတွေလည်း လျင်မြန်စွာရောက်လာပြီး ဒီဒေသက လူထုတွေအနေနဲ့ စစ်ဘေးကနေ ရုတ်တရက် ရှောင်တိမ်းကြရတဲ့ အဖြစ်တွေ ဖြစ်လာခဲ့တာပါ။ ရှမ်းမြောက်ဒေသအနေနဲ့ အခြားဒေသတွေထက် ထူးခြားတဲ့ စိမ်ခေါ်မှုကတော့ မြို့ကနေ ထွက်ခွာမယ့် လမ်းကြောင်းတွေ နည်းပြီး အဲဒီလမ်းကြောင်းတွေကို စစ်ရေးရည်ရွယ်ချက်နဲ့ လက်နက်ကိုင်အဖွဲ့တွေက ဖျက်ဆီးလိုက်တဲ့အခါ ကားလမ်းတွေကို အသုံးပြုခွင့် မပေးပဲ ပိတ်ထားလိုက်တဲ့အခါ မြို့နေလူထု တွေအရူးမီးဝိုင်း အဖြစ်မျိုးကြုံကြရပြီး အချို့လည်းမြို့ကနေ ထွက်ခွာရှောင်တိမ်းမယ့် စိတ်ကူးကို စွန့်လွှတ်လိုက်ကြကာ ကိုယ့်နေအိမ်မှာပဲ နေကြဖို့ ဆုံးဖြတ်လိုက်ရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မြောက်ပိုင်း လက်နက်ကိုင် မဟာမိတ် အဖွဲ့အနေနဲ့တော့ အခုတကျော့ စစ်ဆင်ရေးမှာ နယ်မြေထပ်မံ သိမ်းယူနိုင်ရေး၊ မြို့တွေ သိမ်းယူနိုင်ရေး၊ မြေပြင်ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေ ပိတ်ဆို့ရေးကိုသာ အာရုံစိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံး သိမ်းယူဖို့ လက်နက်နဲ့ လူအင်အား အကုန်သုံးကာ တိုက်ခိုက်နေကြချိန် ဒီဒေသထဲမှာ နေထိုင်နေကြတဲ့ သာသနာ့ နယ်ပယ်က သူတွေအပါအဝင် လူထုတွေ အနေနဲ့ အသက်ဘေးလွတ်ဖို့ ကိုသာ ပထမ ဦးစားပေးထားပြီး တိမ်းရှောင်နိုင်တဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုပ်ကာ အသက်ဘေး လွတ်ဖို့ ကြိုးပမ်းနေကြရတဲ့ အနေအထားလည်း ဖြစ်ပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
Post a Comment